အချစ်အကြောင်းအက်ဆေး

သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာပူဖောင်းတဲ့။တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ဖြစ်ခြင်းကြားက လှို့ဝှက်သောဆုံမှတ်တဲ့။တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာကို တစ်နှစ်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ်။

တကယ်တော့အချစ်ဆိုတာ ကဗျာတစ်ပုဒ်ပဲလေ။
အချစ်ကြောင့်ပဲကျွန်တော်တို့တွေကဗျာဆရာတွေဖြစ်လာကြတယ်။ ကဗျာတွေကိုခံစားတတ်လာကြတယ်မဟုတ်လား။

အသက်တွေကြီးလာတာနဲ့အမျှ အရာရာကိုအမျိုးအစားခွဲခြားရင်း အချစ်ကိုပါ အတုအစစ်ခွဲဖူးကြမှာပေါ့။ ဒါပေမယ့် အခုက အချစ်အကြောင်းကို အဓိပ္ပာယ်ဖွင့်ပြီး စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုရှာပုံတော်ဖွင့်မှာမဟုတ်ဘူး။ အခုပြောမှာက လူတိုင်းမှာ ရှိဖူးကြမယ့် အချစ်ဦးအကြောင်း။

အချစ်ဦးဆိုတာ ရည်းစားဦးကိုပြောတာမဟုတ်ဘူး။ ဘ၀မှာပထမဆုံးအနေနဲ့ ချစ်မိတဲ့သူကိုခေါ်တာ။ကိုယ့်ဘ၀မှာပထမဆုံး မြတ်မြတ်နိုးနိုးတန်ဖိုးထားဖူးတဲ့သူ‌ေလ။ တစ်ဘ၀လုံးစာအချစ်သင်ခန်းစာကိုတစ်ခဏလေးနဲ့သင်ပေးခဲ့တဲ့သူဟာ အချစ်ဦးပေါ့။ သူ့ရဲ့ကျေးဇူးနဲ့ အချစ်ကိုခံစားတတ်လာပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်လိုပဲ့ကိုင်ရမလဲဆိုတာ နားလည်လာတယ်။

သူနဲ့ပက်သက်တဲ့ကိုယ့်ရဲ့အမှတ်တရတွေက ပြန်စဉ်းစားလိုက်တိုင်းရင်ထဲမှာ နွေးထွေးနေတတ်တယ်။ လွမ်းမောစရာကလေးဘ၀လေးလိုပဲ။
ဘယ်အချိန်တွေးတွေး ကြည်နူးစရာလေး။
ငယ်ရွယ်ပြီးတက်ကြွပြီးချစ်စရာကောင်း‌ေနတဲ့ သူ့ရဲ့ပုံရိပ်လေးတွေက ကိုယ်နှလုံးသားထဲမှာ ဓာတ်ပုံရိုက်ထားသလိုစွဲထင်နေတာမျိုးပေါ့။
ပြီးတော့ကိုယ်က အဲ့ဒီ့အမှတ်တရလေးတွေကို တစ်ဘ၀လုံးသိမ်းထားချင်လောက်အောင်
တခုတ်တရမြတ်နိုးမိတာမျိုး။

ဘယ်လောက်ပဲ ဦးနှောက်မကောင်းတဲ့လူဖြစ်ဖြစ်
အချိန်ကြာလို့မေ့သွားတဲ့ထဲမှာ အချစ်ဦးတော့မပါဘူးမလား။ ဖြစ်တည်ခဲ့ဖူးသောအချစ်တွေကရော
ပျောက်ပျက်မသွားဘူးဆိုရင်ယုံမလား။ ရှေးစာတွေထဲမှာတော့ “ငယ်ကချစ်နှစ်တစ်ရာ” တဲ့။
သေတဲ့ထိ သတိရနေမှာပေါ့။

အချစ်ဦးအကြောင်းရေးထားတဲ့စာအုပ်တွေ ရိုက်ထားတဲ့ရုပ်ရှင်တွေအများကြီးရှိပေမယ့် စိတ်ထဲမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ ဇာတ်ကားတစ်ကားရှိတယ်။ နာမည်က “Live twice, love once” တဲ့။
စပိန်တက္ကသိုလ်က သုဒ္ဓကိန်းကိုရှာတွေ့ခဲ့တဲ့
သင်္ချာပါမောက္ခတစ်ဦးရဲ့အကြောင်း။ တစ်ခုခုကိုရူးသွပ်တဲ့လူတွေရဲ့နည်းတူ သူလည်းခပ်ငယ်ငယ်ကကြုံခဲ့ရတဲ့ အချစ်ဦးကို သူချစ်တဲ့ သင်္ချာလောက် အချိန်မပေးနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်ပဲသူ့အချစ်ဦးနဲ့လွဲခဲ့ရတယ်။

ဒီလိုနဲ့သူမှာ အယ်ဇိုင်းမားဆိုတဲ့ ရောဂါရလာတယ်။ အယ်ဇိုင်းမားဆိုတာ ခြလိုပဲ။ လူရဲ့ဦးနှောက်ကို တစ်စတစ်စတိုက်စားသွားမယ့် ကြောက်စရာရောဂါ‌ပေါ့။ တဖြည်းဖြည်းနဲ့သူ မှတ်ညဏ်တွေပျောက်လာတယ်။ တစ်ချက်တစ်ချက် သူ့ကိုယ်သူမမှတ်မိဘူး။ သူ့နာမည်မေးရင်မသိ‌ေတာ့ဘူး။ သင်္ချာပါမောက္ခတစ်ဦးဟာ တစ်နဲ့တစ်ပေါင်းရင် ဘယ်လောက်ရလဲဆိုတဲ့မေးခွန်းကိုတောင်မဖြေတတ်တော့ဘူး။ တစ်ဖြည်းဖြည်းနဲ့ သူ့ရဲ့မှတ်ညဏ်တွေအကုန်ပျောက်သွားပြီး သူ့ဘ၀ကြီးက သုညဖြစ်သွားတော့မှာ။

အဲ့ဒီလို အရာအားလုံးကိုမေ့မသွားခင် သူလုပ်ချင်တဲ့ကိစ္စတစ်ခုရှိတယ်။ သူ့ရဲ့အချစ်ဦးကို နောက်တစ်ခါလောက်ပြန်မြင်ရဖို့ပဲ။ ဒီလိုနဲ့ သူ့ရဲ့မြေးမလေးနဲ့အတူ အချစ်ဦးကိုရှာပုံတော်ဖွင့်ခဲ့တယ်။
အနှစ်‌ငါးဆယ်လောက်ဝေးကွားနေတဲ့လူတစ်ယောက်ကို နာမည်တစ်လုံးထဲနဲ့လိုက်ရှာရတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတွေ့ခဲ့တယ်။ သူ့ရဲ့အချစ်ဦးက သူ့ထက်ပိုပြီးကံဆိုးခဲ့တယ်။ သူ့ရဲ့မှတ်ညဏ်တွေကပျောက်နှင့်ပြီးနေပြီ။တစ်ခုကလွဲပြီး ဘာကိုမှ မမှတ်မိတော့ဘူး။
အဲ့ဒီ့တစ်ခုကလည်း သူငယ်ငယ်က ဆွဲပြခဲ့တဲ့
Infinity sign လေး။

သေချာတာကတော့ သူတို့နှစ်ယောက်စလုံးက
တစ်ယောက်ကတစ်ယောက်ရဲ့အချစ်ဦးဖြစ်ခဲ့ကြတဲ့ပုံပါပဲ။ အကြောင်းမတိုက်ဆိုင်လို့ဝေးသွားကြပေမယ့် တစ်ဘ၀လုံးမေ့မသွားခဲ့ကြဘူး။ ဘာကိုမှ မမှတ်မိတဲ့အချိန်မှာတောင်မှ တစ်ယောက်ကိုတစ်ယောက်မှတ်မိနေကြသေးတယ်။

ပိုင်ဆိုင်ခွင့်မရမှတော့ အချစ်ဦးဆိုတာ အဲ့ဒီ့လိုတစ်ဘ၀လုံးချစ်နေဖို့ထိုက်တန်ရဲ့လား။

လုံး၀ကိုထိုက်တန်တာပေါ့။ ဘ၀တစ်လျှောက်လုံး ရှင်သန်နေထိုင်ဖို့ အားအင်တွေဖြစ်ပေါ်စေခဲ့တဲ့အချစ်ဦးကို ဘာလို့မေ့ပစ်ရမှာလဲ။

Leave a Comment