သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာပူဖောင်းတဲ့။တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ဖြစ်ခြင်းကြားက လှို့ဝှက်သောဆုံမှတ်တဲ့။တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာကို တစ်နှစ်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ်။
တကယ်တော့အချစ်ဆိုတာ ကဗျာတစ်ပုဒ်ပဲလေ။
အချစ်ကြောင့်ပဲကျွန်တော်တို့တွေကဗျာဆရာတွေဖြစ်လာကြတယ်။ ကဗျာတွေကိုခံစားတတ်လာကြတယ်မဟုတ်လား။
အသက်တွေကြီးလာတာနဲ့အမျှ အရာရာကိုအမျိုးအစားခွဲခြားရင်း အချစ်ကိုပါ အတုအစစ်ခွဲဖူးကြမှာပေါ့။ ဒါပေမယ့် အခုက အချစ်အကြောင်းကို အဓိပ္ပာယ်ဖွင့်ပြီး စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုရှာပုံတော်ဖွင့်မှာမဟုတ်ဘူး။ အခုပြောမှာက လူတိုင်းမှာ ရှိဖူးကြမယ့် အချစ်ဦးအကြောင်း။
အချစ်ဦးဆိုတာ ရည်းစားဦးကိုပြောတာမဟုတ်ဘူး။ ဘ၀မှာပထမဆုံးအနေနဲ့ ချစ်မိတဲ့သူကိုခေါ်တာ။ကိုယ့်ဘ၀မှာပထမဆုံး မြတ်မြတ်နိုးနိုးတန်ဖိုးထားဖူးတဲ့သူေလ။ တစ်ဘ၀လုံးစာအချစ်သင်ခန်းစာကိုတစ်ခဏလေးနဲ့သင်ပေးခဲ့တဲ့သူဟာ အချစ်ဦးပေါ့။ သူ့ရဲ့ကျေးဇူးနဲ့ အချစ်ကိုခံစားတတ်လာပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်လိုပဲ့ကိုင်ရမလဲဆိုတာ နားလည်လာတယ်။
သူနဲ့ပက်သက်တဲ့ကိုယ့်ရဲ့အမှတ်တရတွေက ပြန်စဉ်းစားလိုက်တိုင်းရင်ထဲမှာ နွေးထွေးနေတတ်တယ်။ လွမ်းမောစရာကလေးဘ၀လေးလိုပဲ။
ဘယ်အချိန်တွေးတွေး ကြည်နူးစရာလေး။
ငယ်ရွယ်ပြီးတက်ကြွပြီးချစ်စရာကောင်းေနတဲ့ သူ့ရဲ့ပုံရိပ်လေးတွေက ကိုယ်နှလုံးသားထဲမှာ ဓာတ်ပုံရိုက်ထားသလိုစွဲထင်နေတာမျိုးပေါ့။
ပြီးတော့ကိုယ်က အဲ့ဒီ့အမှတ်တရလေးတွေကို တစ်ဘ၀လုံးသိမ်းထားချင်လောက်အောင်
တခုတ်တရမြတ်နိုးမိတာမျိုး။
ဘယ်လောက်ပဲ ဦးနှောက်မကောင်းတဲ့လူဖြစ်ဖြစ်
အချိန်ကြာလို့မေ့သွားတဲ့ထဲမှာ အချစ်ဦးတော့မပါဘူးမလား။ ဖြစ်တည်ခဲ့ဖူးသောအချစ်တွေကရော
ပျောက်ပျက်မသွားဘူးဆိုရင်ယုံမလား။ ရှေးစာတွေထဲမှာတော့ “ငယ်ကချစ်နှစ်တစ်ရာ” တဲ့။
သေတဲ့ထိ သတိရနေမှာပေါ့။
အချစ်ဦးအကြောင်းရေးထားတဲ့စာအုပ်တွေ ရိုက်ထားတဲ့ရုပ်ရှင်တွေအများကြီးရှိပေမယ့် စိတ်ထဲမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ ဇာတ်ကားတစ်ကားရှိတယ်။ နာမည်က “Live twice, love once” တဲ့။
စပိန်တက္ကသိုလ်က သုဒ္ဓကိန်းကိုရှာတွေ့ခဲ့တဲ့
သင်္ချာပါမောက္ခတစ်ဦးရဲ့အကြောင်း။ တစ်ခုခုကိုရူးသွပ်တဲ့လူတွေရဲ့နည်းတူ သူလည်းခပ်ငယ်ငယ်ကကြုံခဲ့ရတဲ့ အချစ်ဦးကို သူချစ်တဲ့ သင်္ချာလောက် အချိန်မပေးနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်ပဲသူ့အချစ်ဦးနဲ့လွဲခဲ့ရတယ်။
ဒီလိုနဲ့သူမှာ အယ်ဇိုင်းမားဆိုတဲ့ ရောဂါရလာတယ်။ အယ်ဇိုင်းမားဆိုတာ ခြလိုပဲ။ လူရဲ့ဦးနှောက်ကို တစ်စတစ်စတိုက်စားသွားမယ့် ကြောက်စရာရောဂါပေါ့။ တဖြည်းဖြည်းနဲ့သူ မှတ်ညဏ်တွေပျောက်လာတယ်။ တစ်ချက်တစ်ချက် သူ့ကိုယ်သူမမှတ်မိဘူး။ သူ့နာမည်မေးရင်မသိေတာ့ဘူး။ သင်္ချာပါမောက္ခတစ်ဦးဟာ တစ်နဲ့တစ်ပေါင်းရင် ဘယ်လောက်ရလဲဆိုတဲ့မေးခွန်းကိုတောင်မဖြေတတ်တော့ဘူး။ တစ်ဖြည်းဖြည်းနဲ့ သူ့ရဲ့မှတ်ညဏ်တွေအကုန်ပျောက်သွားပြီး သူ့ဘ၀ကြီးက သုညဖြစ်သွားတော့မှာ။
အဲ့ဒီလို အရာအားလုံးကိုမေ့မသွားခင် သူလုပ်ချင်တဲ့ကိစ္စတစ်ခုရှိတယ်။ သူ့ရဲ့အချစ်ဦးကို နောက်တစ်ခါလောက်ပြန်မြင်ရဖို့ပဲ။ ဒီလိုနဲ့ သူ့ရဲ့မြေးမလေးနဲ့အတူ အချစ်ဦးကိုရှာပုံတော်ဖွင့်ခဲ့တယ်။
အနှစ်ငါးဆယ်လောက်ဝေးကွားနေတဲ့လူတစ်ယောက်ကို နာမည်တစ်လုံးထဲနဲ့လိုက်ရှာရတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတွေ့ခဲ့တယ်။ သူ့ရဲ့အချစ်ဦးက သူ့ထက်ပိုပြီးကံဆိုးခဲ့တယ်။ သူ့ရဲ့မှတ်ညဏ်တွေကပျောက်နှင့်ပြီးနေပြီ။တစ်ခုကလွဲပြီး ဘာကိုမှ မမှတ်မိတော့ဘူး။
အဲ့ဒီ့တစ်ခုကလည်း သူငယ်ငယ်က ဆွဲပြခဲ့တဲ့
Infinity sign လေး။
သေချာတာကတော့ သူတို့နှစ်ယောက်စလုံးက
တစ်ယောက်ကတစ်ယောက်ရဲ့အချစ်ဦးဖြစ်ခဲ့ကြတဲ့ပုံပါပဲ။ အကြောင်းမတိုက်ဆိုင်လို့ဝေးသွားကြပေမယ့် တစ်ဘ၀လုံးမေ့မသွားခဲ့ကြဘူး။ ဘာကိုမှ မမှတ်မိတဲ့အချိန်မှာတောင်မှ တစ်ယောက်ကိုတစ်ယောက်မှတ်မိနေကြသေးတယ်။
ပိုင်ဆိုင်ခွင့်မရမှတော့ အချစ်ဦးဆိုတာ အဲ့ဒီ့လိုတစ်ဘ၀လုံးချစ်နေဖို့ထိုက်တန်ရဲ့လား။
လုံး၀ကိုထိုက်တန်တာပေါ့။ ဘ၀တစ်လျှောက်လုံး ရှင်သန်နေထိုင်ဖို့ အားအင်တွေဖြစ်ပေါ်စေခဲ့တဲ့အချစ်ဦးကို ဘာလို့မေ့ပစ်ရမှာလဲ။
Category Archives: Uncategorized
Happy Birthday my love
Happy 20th Birthday ပါကောင်မလေးရေ။
အမေ့၀မ်းကထွက်ပြီး ကြီးပြင်းလာခဲ့တာ အနှစ်(၂၀)တောင်ရှိပြီပေါ့။ ဖြတ်သန်းခဲ့ရတဲ့ကာလတွေမနည်းသလို တွေ့ကြုံခဲ့ရတဲ့လူတွေ
ဖြေရှင်းခဲ့ရတဲ့ပြဿနာတွေနဲ့ ခံစားခဲ့ရတဲ့ကိစ္စတွေလည်း အများကြီးတွေ့ခဲ့ရမှာပဲ။
အသက်ကြီးလာတာနဲ့အမျှကလေးဘ၀နဲ့မတူတော့ဘဲ လိုချင်တာတွေထက် လိုအပ်ချက်တွေများလာတတ်တယ်။ အဓိကကတော့ရုပ်ပိုင်းဆိုင်ရာ တွေပါပဲ။ စိတ်ခံစားချက်နဲ့ပက်သက်လာရင်တော့ လိုအပ်တာသိပ်မရှိပါဘူးလို့ ထင်ချင်စရာပဲနော်။ ခံစားချက်တွေမွန်းကြပ်လာရင် ရင်ဖွင့်လို့ရမယ့်သူငယ်ချင်းတစ်ယောက်ရယ်၊
ကျရှုံးမှုတွေကိုရင်ဆိုင်ရတဲ့အခါ ကိုယ့်လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားပေးမယ့် သိပ်ချစ်ရတဲ့ဘ၀လက်တွဲဖော်ရယ်နဲ့ ကိုယ့်ရဲ့မိသားစုရှိရင်ရှိရင် ထိုက်သင့်သလောက်တော့ ပြည့်စုံနေပါပြီ။
အဓိကကတော့ ဘယ်လိုအချိန်ဘယ်လိုနေရာ ဘာတွေပဲဖြစ်ဖြစ် ကိုယ့်ဘက်ကပဲရပ်တည်ပေးမယ့်
တစ်စုံတစ်ယောက်ရှိနေမယ်ဆိုတဲ့ ခံစားချက်ပေါ့။
“သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်” စာအုပ်ထဲမှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးခဲ့သလိုပဲ
ငါ့ဘ၀မှာ နင်ဟာ “မမေ့ရက်ပေမယ့် သတိမရရဲတဲ့အမှတ်တရ”တစ်ခုဖြစ်နေမှာကို ငါကြောက်တယ်။ နင့်နာမည်ကို တွေးမိတဲ့အခါ ငါဘယ်လောက်ကြိုးစားကြိုးစား ကိုယ်ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ကောင်မလေးတစ်ယောက်အဖြစ်နဲ့ မြင်ယောင်ရင်း ငါခံစားခဲ့ရတဲ့ ဒုက္ခတွေကို ပြန်ပြီးတွေးမိမှာငါစိုးရိမ်မိတယ်။ ပြီးတော့ငါ့ကိုငါလည်း
ကိုယ့်ရဲ့လိုချင်တပ်မက်တဲ့ စိတ်ဆန္ဒပါတဲ့ အတ္တကိုအချစ်လို့နာမည်တပ်ပြီး ကိုယ်မြတ်နိုးရတဲ့မိန်းကလေးကို အမျိုးမျိုးစိတ်ဒုက္ခပေးတဲ့ကောင်ကြီးအဖြစ်မမြင်ချင်ဘူး။
ငါဘယ်လိုပဲကြိုးစားကြိုးစား နောက်ဆုံးကျရင် တူညီတဲ့အဆုံးသတ်နဲ့ပဲ နှုတ်ဆက်ကြရမယ့် အတူတူနင့်ကိုငါ နောက်ဆုံးပြောမယ့် စကားက “Sorry” ဆိုတာကြီးမဖြစ်ချင်ဘူး။ နင့်ဘက်ကလည်းငါ့ကို နှုတ်ဆက်ဖို့တောင်၀န်လေးနေမှာကြီးကိုလည်း မဖြစ်စေချင်ဘူး။
ဘ၀ဆိုတာ စက္ကန့်ပိုင်းလေးတွေကိုပေါင်းစပ်ထားတာတဲ့။ ပြောရရင် အခိုက်အတန့်လေးတွေပေါ့။
နင်နဲ့အနီးကပ်ဆုံးမှာနေခွင့်ရဦးမယ့် အခိုက်အတန့်လေးတွေမှန်သမျှကို ငါအမှတ်တရဖြစ်အောင်ကြိုးစားပြီးနေထိုင်သွားဦးပါမယ်။ ဝေးသွားကြတဲ့အခါ ငါ့ဘက်ကနင့်ကို လွမ်းစရာလေးတွေကျန်အောင်ပါ။
ငါလိုချင်တပ်မက်စိတ်တွေများခဲ့ပါတယ်။ အရမ်းရှက်ဖို့ကောင်းတယ်။ ငါတအားအမှားေတွလုပ်ခဲ့တာ။ ကောင်မလေးရရင် စိတ်ဓာတ်ကျတွေများပျောက်သွားမလားဆိုတဲ့အကြောင်းပြချက်နဲ့ ငါအမှားတွေအများကြီးလုပ်ခဲ့တာ။ လူတိုင်းဖြစ်တတ်တဲ့ စိတ်ဓာတ်ရာတွေကို ဆေးနည်းအမှားကြီးနဲ့ကုစားမိတာပေါ့။
သူများသနားတာကို ငါအရမ်းလိုချင်ခဲ့တာ။ အမျိုးမျိုး Drama တွေချိုးပြီး Victim Playing လုပ်ခဲ့တယ်။ အလိမ်အညာဇာတ်လမ်းတွေဖန်တီးခဲ့ပြီး ငါ့ရဲ့အမှားတွေကို သူများရဲ့အပြစ်ဖြစ်အောင်လုပ်ခဲ့မိတယ်။ အမှားတွေပါပဲ။ တကယ်တော့ ငါ့အဖြစ်ကလူရီစရာပါ။
မရနိုင်တဲ့အရာတစ်ခုကို အရမ်းပိုင်ဆိုင်ချင်တဲ့အခါ ကိုလိုချင်တပ်မက်သလောက် ပူလောင်ပြင်းပြရမှာပဲလေ။ အချစ်နဲ့ပက်သက်ရင်တော့
၀ဋ်ကြွေးလို့တောင်ဆိုနိုင်မယ်ထင်တယ်။
ပါမောက္ခဆရာတော်ကြီး ဟောခဲ့တဲ့တရားတစ်ပုဒ်ထဲမှာတော့ ဘုံဘ၀မှာဆုံကြတယ်ဆိုတာ အလကားမဟုတ်ဘူးတဲ့။ တူညီတဲ့နေရာဒေသမှာ
ကာလအတူတူလူလာဖြစ်တယ်ဆိုတာ နည်းတဲ့ရေစက်မဟုတ်ဘူးတဲ့။ ဟုတ်မှာ။ ရေစက်အကြောင်းပြောရရင် အထင်ရှားဆုံးကတော့ တို့ဘုရားနဲ့ယသော်ဓရာပေါ့နော့။ ဒီပင်္ကရာမြတ်စွာဘုရားကို ကပ်ဖို့ကြာရိုးကမ်းတဲ့အဖြစ်ကနေ လေးအသခ်ျေနဲ့ကမ္ဘာတစ်သိန်းတောင် ပါရမီဖြည့်ခွင့်ရခဲ့တာလေ။ နိဗ္ဗာန်ကိုတောင်မှ အတူတူသွားခဲ့ကြတာပေါ့။ ဒါပေမယ့် ရေစက်ပါလို့ဆုံခဲ့တယ်ဆိုပေမယ့် ရေစက်ကုန်ရင်လည်းခွဲခွာကြရမှာပဲလေ။ ကိုယ့်ဘက်ကဘယ်လောက်တွယ်ကပ်ဖို့ကြိုးစားနေပေမယ့် ရေစက်ကုန်သွားတဲ့အခါ
တစ်ဦးထဲတစ်ယောက်ထဲရဲ့ ဆန္ဒက ဘယ်လောက်များအစွမ်းထက်နိုင်မှာမလို့လဲ။
ငါပြောသလိုပဲ ကိုယ့်ဆန္ဒရှိသလောက် ကိုယ်ပူလောင်ရမှာပဲေလ။မြတ်စွာဘုရားကတော့ အဲ့ဒါကို တွယ်ငြိမှုအကုသိုလ်ဖြစ်သော တဏှာလို့ ဆိုခဲ့တယ်မလား။
နင်အရင်ကောင်လေးကိုတော့ မမေ့နိုင်သေးဘဲချစ်တုန်းပဲနော်။ သူတအားကံကောင်းတာပဲ။
သူကံကောင်းတာကိုလဲ သူမသိရှာဘူး။ တစ်ခြားတစ်ယောက်က တစ်ဘ၀လုံးကြိုးစားရင်တောင်မှ မရနိုင်တဲ့ ဆုလာဘ်တစ်ခုကို သူပိုင်နေတယ်ဆိုတာကို နားမလည်ရှာဘူး။
ငါ့အပေါ်ရှိတဲ့ နင့်စိတ်ထားကို ငါနားလည်ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ ဆိုတာလေ။အရင်ကတော့မကျေနပ်ပေမယ့် ခုတော့လက်ခံလိုက်ပါပြီ။ ဒါပေမယ့် နင့်ကိုသဘောကျတာကိုတော့ ရပ်ပစ်ဖို့ မစဉ်းစားချင်သေဘူး။
ပြီးတော့ “မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော်”ဆိုတဲ့အတွေးနဲ့ မျှော်လင့်နေတာကိုလည်း ရပ်လိုက်မှာမဟုတ်ဘူး။ The Old Man and the Sea ၀တ္ထုထဲကလို “It is silly not to hope” ပေါ့။ ဒါပေမယ့် တစ်သက်လုံးချစ်သွားနိုင်မယ်လို့လည်းမထင်ပါဘူး။
ဘာပဲပြောပြောပါ။ မွေးနေ့ဆိုတာ မင်္ဂလာရှိနေရမယ်မလား။ ခုက (၂၀)ပြည့်တာဆိုတော့ဆယ်ကျော်သက်ဘ၀ တရား၀င်ပြီးသွားတဲ့နေ့ပေါ့။ တစ်နှစ်ထဲမွေးတယ်ဆိုပေမယ့် နင့်ထက်ငါက လေးလနီးပါးကြီးတယ်ေနာ်။ အဲ့ဒါဘာလုပ်ရမှာလဲလို့ စဉ်းစားနေမိရင်တော့ ဘာမှမလုပ်ရပါဘူး။ ဒီတိုင်း ကြုံလို့ပါ။
အစမှာပြောခဲ့သလိုပဲ။ Happy Birthday ပါ။
အရာအားလုံးအဆင်ပြေပါစေပေါ့။
(My very last whatever about you)
နိဂုံး
မစခင်မှာပဲ အဆုံးသတ်လိုက်ရတဲ့ ဇာတ်လမ်းလေးဟာ
နိဂုံးမှာပဲ သုံးနှစ်လောက်ကြာလိုက်တယ်
အိပ်ပုပ်ကြီးတဲ့လူတစ်ယောက်
မိုးသောက်ချိန်ကိုလွတ်သွားသလိုမျိုး
ကိုယ့်ရဲ့နုပျိုခြင်းနေ့ရက်တွေဟာ
လွယ်ကူစွာပဲ ပျောက်ရှကုန်တယ်…
ဘယ်တုန်းကမှ မနီးစပ်ခဲ့ပေမယ့်
အဆုံးသတ်ထိဝေးကွာသွားတဲ့ခံစားချက်ဟာ
သတိရတိုင်းကျောချမ်းစရာ…